logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသရှိ စွန့်ဦးတီထွင်စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးမှုအတွက် နည်းပညာလွှဲပြောင်းမှု လျှင်မြန်‌စေရေး ဌာနတည်ဆောက်ခြင်းစီမံကိန်း” ၏ “မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်းဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး မူဝါဒများဖလှယ်ခြင်းတို့အတွက် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ  (၆)ရက်နေ့၊ နံနက် (၉း၃၀) နာရီတွင်  ရန်ကုန်မြို့ရှိ Wyndham Hotel ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါက်တာ ကျန်းကျီဟွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ခင်မိုးထူးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်‌ရောက် ခဲ့ကြပါသည်။ 
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်နိုင်ငံအားလုံးအတွက် နယ်စပ် ဖြတ်ကျော် စီးပွားတိုးတက်စေရန်၊  ထုတ်လုပ်မှုစွမ်းရည်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာစေရန်၊ အငယ်စား၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တက်သစ်စလုပ်ငန်းငယ်များနှင့် စွန့်ဦးတီထွင်သူများအား စက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကို အားကောင်းစေမည့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ  (၆)ရက်နေ့မှ (၇)ရက်နေ့အထိ၊ (၂)ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပါသည်။ 
အလုပ်ရုံဆွေးနွေးပွဲမှတဆင့် တရုတ်နှင့်မဲခေါင်‌ ဒေသတွင်းနိုင်ငံများတွင် လက်ရှိကျင့်သုံး လျက်ရှိသော နည်းပညာလွှဲပြောင်းမှု စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို လေ့လာသင်ယူ ဖလှယ်နိုင်ခြင်း၊  အငယ်စား၊ အသေးစား ၊ အလတ်စားလုပ်ငန်းရှင်များသို့ နည်းပညာ လွှဲပြောင်းမှုနှင့် နည်းပညာအကူအညီများ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ အစိုးရနှင့် စက်မှုကဏ္ဍချိတ်ဆက်မှုအားကောင်းလာစေနိုင်ပြီး ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမိုအားကောင်းလာစေနိုင်မည် ဖြစ်ပါသည်။