ဖွဲ့စည်းဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကျဉ်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဇီဝနည်းပညာဌာနကို ဓာတုအင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ်၌ ၁၉၉၈ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် အဓိက လုပ်ငန်းတာဝန် (၃) ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ တည်ထောင်သည့် အချိန်၌ ဓာတုအင်ဂျင်နီယာ၊ တိရစ္ဆာန်ဆရာဝန်၊ စိုက်ပျိုးရေးပညာရှင်၊ အဏုဇီဝဗေဒပညာရှင်၊ ဓာတုဗေဒပညာရှင်၊ သတ္တဗေဒပညာရှင်၊ ရုက္ခဗေဒ ပညာရှင်များဖြင့် စုစည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။၂၀၀၁ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် ဤဌာနကို စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်သို့ ပြောင်းရွှေ့ပြီး သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထိုမှတဖန် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ မန္တလေးနည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ဇီဝနည်းပညာ သုတေသနများကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ဝန်းအတွင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် ကျောက်ဆည်မြို့ရှိ မြစ်သားလမ်းဘေး၌ ဇီဝနည်းပညာသုတေသနဌာနအသစ်သို့ ပြောင်းရွှေ့ခဲ့ပြီး အဆိုပါဌာနကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
ရည်ရွယ်ချက်
ဇီဝနည်းပညာဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးများ အပါအဝင် ရင်ဆိုင်နေရသည့် ပြဿနာအရပ်ရပ်ကို အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ရန်နှင့် လူနေမှု အဆင့်အတန်းမြင့်မားလာစေရန် ဦးတည်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ အစာအာဟာရဖူလုံရေး ကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအသီးသီးတွင် လက်တွေ့အသုံးပြုနိုင်မည့် အကျိုးပြုသုတေသန များ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်နိုင်စေရန် ရည်ရွယ်ပါသည်။